အထက်တန်းကျောင်းနေဖက်တွေဖြစ်တဲ့ ယိုကိုအိ မီနာတို နဲ့ နာကာနို ဝါတာရူ တိုဟာ ဓာတ်ပုံရိုက်ရတာ ဝါသနာတူကြသူတွေမို ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်လာခဲ့ကြပါတယ် တက္ကသိုလ်တက်တဲ့နှစ်တွေမှာလည်း သူတိုနှစ်ယောက်ဟာ အခန်းဖော်တွေအဖြစ် အတူတူ နေထိုင်ခဲ့ကြတယ် မီနာတိုကအလုပ်ကိစ္စနဲ့ ဟော့ကိုင်းဒိုးကို ထွက်ခွာသွားတဲ့အခါ ဝါတာရူက လိုက်လံပိုဆောင်ပေးခဲ့ပါတယ် အရင်းနှီးဆုံးသူငယ်ချင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေ ပြည့်နှက်နေတဲ့ အခန်းလေးထဲမှာ တစ်ယောက်တည်း ကျန်ရစ်ခဲ့တဲ့အခါမှာ ဝါတာရူဟာ မီနာတိုအပေါ်ထားတဲ့ သူ့ရဲ့ ချစ်တဲ့စိတ်ကို သိရှိသွားပါတော့တယ်
အဲဒီခံစားချက်တွေကို ဖွင့်ဟမပြောဘဲ ဖုံးကွယ်ထားချင်တာကြောင့် မီနာတိုနဲ့ အဆက်အသွယ်တောင် မလုပ်ဘဲ ရှောင်နေခဲ့တာ ၃ နှစ်တောင် ကြာသွားခဲ့ပါတယ်
တစ်နေ့မှာတော့ ဓာတ်ပုံစတူဒီယိုတစ်ခုမှာ အလုပ်လုပ်နေတဲ့ ဝါတာရူဆီကို မီနာတိုဆီကနေ မက်ဆေ့ခ်ျတစ်ခု ရောက်လာပါတယ် အဲဒါကတော့ မီနာတိုဟာ အလုပ်ပြောင်းရွှေ့မှုကြောင့် သူတို့ဇာတိမြို့ကို ပြန်လာတော့မယ်ဆိုတဲ့ သတင်းပါ အကြာကြီး ဝေးကွာနေခဲ့ပြီးမှ ပြန်ဆုံရတော့မယ်ဆိုတော့ ဝါတာရူ တစ်ယောက် ရင်ခုန်စိတ်လှုပ်ရှားနေပေမဲ့ မီနာတိုရဲ့ အရင်းနှီးဆုံးသူငယ်ချင်းအဖြစ်ပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပါတယ်
ဒါပေမဲ့ သူတို့နှစ်ယောက် ပြန်ဆုံတဲ့အချိန်မှာပဲ ဝါတာရူရဲ့ ခံစားချက်တွေက ချက်ချင်းဆိုသလို ပြန်လည် နိုးထလာပါတော့တယ်
အဲဒီအချိန်မှာပဲ မီနာတိုက မမျှော်လင့်ဘဲ ငါနဲ့အတူနေမလားလို့ ပြောလိုက်တဲ့အခါ…
ဝါတာရူဟာ ဒီလိုကမ်းလှမ်းမှုကို အတိုင်းမသိ ဝမ်းသာနေပေမဲ့ တစ်နေ့နေ့မှာ လမ်းခွဲသွားရနိုင်တဲ့ “ချစ်သူ” တွေဖြစ်မယ့်အစား “အချစ်ဆုံးသူငယ်ချင်း” အဖြစ်ပဲ ရှိနေချင်တာကြောင့် မီနာတိုကို ငြင်းပယ်ခဲ့ပါတယ် ဒါပေမဲ့ မီနာတိုကတော့ အလျှော့မပေးဘဲ သူ့ရဲ့ ရိုးသားတဲ့ စကားလုံးတွေ လုပ်ဆောင်ချက်တွေနဲ့ ဝါတာရူရဲ့နှလုံးသားကို ယိမ်းယိုင်အောင် လုပ်ပါတော့တယ် ဝါတာရူရဲ့သူငယ်ချင်းဆိုတဲ့တံတိုင်းကို မီနာတိုက ဘယ်လိုဖြိုဖျက်မလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ ကြည့်ရှူလိုက်ရအောင်